ယေရှုခရစ်၏ ဧဝံဂေလိသတင်းကောင်း
ကျမ်းစာ၏ အရေးကြီးဆုံးသော သတင်းစကားမှာ ယေရှုခရစ်၏ ဘုန်းကြီးသော ဧဝံဂေလိတရား ပင်ဖြစ်သည်။ တပည့်တော်များထံ ကိုယ်တော်နောက်ဆုံးမိန့်ဆိုခဲ့သော အမိန့်တော်မှာ “ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ( မာကု ၁၆း၁၅ )ဟူ၍ ဖြစ်သည်။ ထိုတရားသည် လူတိုင်းကြားနာရန်လိုအပ်သည့် ယေရှုခရစ်၏ တရားပင်ဖြစ်သည်။ “ ထိုသခင်၏ နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ( တမန်တော် ၄း၁၂ )။
ကိုယ်တော်သည် သက်ရှိထင်ရှားခဲ့ဖူးသမျှတို့ ၌အကျော်ကြားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အသက်တာတော်နှင့် သွန်သင်တော်မူချက်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းသည် အဘယ်သူ၌မျှ မရှိသောအရာပင်။ နိုင်ငံတကာက သူ၏ မွေးနေ့တော်ကို အစွဲပြု၍ နေ့ရက်ရေတွက်ကြသည်။ သူ၏ ဆွဲဆောင်အားသည် လူမျိုးနွယ်တကာ၊ ဓလေ့ထုံးတမ်းတကာနှင့် ပထဝီနယ်နမိတ်တကာကို ဖြတ်ကျော်ထိုးဖောက်နိုင်သည်။ လူတို့သည် အခြားသူ၌မတွေ့နိုင်သောအရာကို ကိုယ်တော်၌ တွေ့ရှိနိုင်ကြသည်။
ယေရှုကဲ့သို့သွန်သင်သောသူမရှိစဖူး။ ကိုယ်တော်ကဲ့သို့ အသက်ရှင်သောသူလည်းမရှိစဖူး။ ကိုယ်တော်ကဲ့သို့ ချစ်တတ်သောသူလည်းမရှိစဖူး။ ကိုယ်တော်ကဲ့သို့သောသူ ကမ္ဘာ့သမိုင်း၌ လုံးဝမရှိဖူးပေ။ သူသည် အနှိုင်းမဲ့ ဖြစ်သည်။
သူ အဘယ်သူနည်း။
ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်သည်။
တစ်ခါမှာ ယေရှုက တပည့်တော်များကို ” လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးမြန်းတော်မူခဲ့စဉ်တွင် သူတို့က “ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံ ဆရာ ယောဟန်ဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ဧလိယ ဖြစ်သည်ဟူ၍၎င်း၊ အချို့က ယေရမိမှစ၍ ပရောဖက် တပါးပါးဖြစ်သည် ဟူ၍၎င်း ဆိုကြပါ၏”ဟု ပြန်ဖြေခဲ့ကြသည်။ အမှန်စင်စစ်၊ ဤအဖြေအားလုံးမှားသည်။ ယေရှုဆက်၍ “သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟု မေးမြန်းတော်မူလျှင် ရှိမုန် ပေတရုက၊ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်” ဟု ဖြေဆိုခဲ့သည်။ ထိုမှာ ယေရှုက “ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည် မဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း။ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ” ဟု မိန့်တော်မူခဲ့သည် ( မဿဲ ၁၆း၁၃-၁၈ ကိုကြည့်ပါ )။
ယေရှုက မိမိသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းအတည့်အလင်းဖော်ပြခဲ့သည်။ ယဇ်ပုရောဟိတ်မင်း ကယာဖရှေ့၌ ကိုယ်တော်ကို စစ်ကြောစီရင်ကြချိန်တွင် ကိုယ်တော်အား၊ “သင်သည်ခရစ်တော်တည်း ဟူသောဘုရားသခင်၏ သားတော်မှန်သည် မမှန်သည်ကိုငါတို့အားပြောပါ” မေးကြရာတွင် ယေရှုက၊ “သင်ဆိုသည်အတိုင်းမှန်၏” ဟု ပြန်ဖြေတော်မူခဲ့သည်။ ထိုစကားကြောင့် ကိုယ်တော်အား ဘုရားကိုလွန်ကျူး၍ ပြောခြင်းတည်း ဟူသော သေဒဏ်သင့်သော ပြစ်ဒဏ်ဖြင့် စွဲချက်တင်ခဲ့ကြသည်( မဿဲ ၂၆း၆၃-၆၈ )။
ယေရှုသည် ခမည်းတော်နှင့်သားတော် ဆက်နွယ်မှုကို မကြာခဏ ပြောဆိုလေ့ရှိသည်။ ထိုအကြောင်းကြောင့် ယုဒလူများက မိမိကိုယ်ကို ဘုရားနှင့်တန်းတူ နှိုင်းယှဉ်ပြောသည်ဟု ကိုယ်တော်အား အပြစ်တင်ခဲ့ကြသည်။ ယေရှုမှလွဲ၍ ဤကဲ့သို့ အဘယ်သူပြောဆိုနိုင်မည်နည်း၊ “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက် ရှင်ပြန်စေတော်မူ သကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။လူအပေါင်း တို့သည် ခမည်းတော်ကို ရိုသေသည် နည်းတူ၊ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရား စီရင်ခြင်းအခွင့် ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသော သူဖြစ်၏ ”( ယောဟန် ၅း၂၁-၂၃ )။
ယေရှုခရစ်သည် ဘုရားသခင် ဖြစ်သည်။
တမန်တော်ရှင်ယောဟန်က သူ၏ ခရစ်ဝင်ကျမ်းကို ဤသို့အစပြုသည်၊ “ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” ( ယောဟန် ၁း၁ )ဟူ၍။ ထို့ပြင် ” နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” ( ယောဟန် ၁း၁၄ ) ဟု ဆိုရာတွင် ထိုနှုတ်ကပတ်တော်သည် ယေရှုခရစ်ပင်ဖြစ်သည်။
ဘုရားသခင်သည် မိမိကိုယ်ကို ကိုယ်ထင်ပြတော်မူမှသာ ကျွန်ုပ်တို့ မြင်တွေ့နိုင်မည်။ “ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ( ယောဟန် ၁၄း၉ ) ဟူ၍ ယေရှုကသာ ပြောဆိုနိုင်ခဲ့သည်။ သားတော်သည် ခမည်း တော်ကို ထင်ရှားစေခဲ့ပြီ။ ရှင်ပေါလုကလည်း ဤသို့ထပ်ရှင်းပြခဲ့သည်။ “ ထိုသားတော် (ယေရှု ) သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တာဝါ အပေါင်းတို့တွင်လည်း သားဦး ဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသော အရာ တို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်း သော အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏”( ကောလောသဲ ၁း၁၅-၁၇ )။
“ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏” ( ကောလောသဲ ၂း၉ )။ သူသည် ဘုရားသခင်အစစ်အမှန်ဖြစ်သကဲ့သို့ လူသားအစစ်အမှန်လည်း ဖြစ်တော်မူသည်။ ယေရှုသည် လူ့ဇာတိခံယူသော ဘုရားပင်ဖြစ်သည်။
သူပြုခဲ့သော အမှု
ယေရှုခရစ်သည် ကျွန်ုပ်တို့၏ အပြစ်အတွက် အသေခံတော်မူသည်။
လူတိုင်း၌ တူညီသော ဘုံပြသနာတစ်ခုရှိသည်။ “ခြားနားခြင်း အလျှင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ”( ရောမ၃း၂၂၊၂၃)။
“ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ ”( ရောမ ၃း၁၀ )။ အပြစ်ရှိခြင်းသည် လူ့ဘဝတွင် ငြင်းဆန်၍ မရသော အမှန်တရားပင်။
အပြစ်၌ အကျိုးဆက်ရှိသည်။ “ ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူ (အာဒံ ) အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏” ( ရောမ ၅း၁၂ )။ “အပြစ်တရား၏အခကား သေခြင်း ပေတည်း” ( ရောမ ၆း၂၃ )။
လူတိုင်းသည် သေမင်းနှင့် ရက်ချိန်းရှိသူဖြစ်သည်။ ” လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင် တော်မူခြင်းကိုခံရ(သည်)” ( ဟေဗြဲ ၉း၂၇ )။ ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းမှ မည်သူမျှ လွတ်နိုင်မည်မဟုတ်။
အကျင့်ကောင်းအားဖြင့် သင့်ကိုသင်မကယ်တင်နိုင်ပါ။ ကျမ်းစာ၌ ဤသို့ ရှင်းလင်းစွာ ဖော်ပြထားသည်။ “ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ရာ” ( ဂလာတိ ၂း၁၆ )။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းဂရုဏာတော် …အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏” ( တိတု ၃း၅ )။ အကျင့်ကောင်းအားဖြင့် သင့်ကိုသင်ကယ်တင်နိုင်သည် မှန်လျှင် ယေရှုသည် ကားတိုင်ပေါ်အတင်ခံမည်ဟု သင်ထင်သလော။ ထိုမေးခွန်းကို ရှင်ပေါလုက ဖြေခဲ့သည်။ “ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ” ( ဂလာတိ ၂း၂၁ )။
သင်သည် ကယ်တင်ရှင်လိုအပ်နေသည်။ သင့်အပြစ်အတွက် သင့်နေရာမှာ ကိုယ်စားအသေခံပေးသော ယေရှုကို သင်စဉ်းစားကြည့်ပါ။ “ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသော သူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။ငါတို့သည် အပြစ်ရှိစဉ် ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” ( ရောမ ၅း၆-၈ )။ ကျွန်ုပ်တို့သည် အကျိုးနည်း ဖြစ်နေစဉ်၊ မတရားသောသူဖြစ်နေစဉ်၊ အပြစ်သားဖြစ်စဉ်တွင် ယေရှုသည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အားချစ်ကြောင်း စကားအားဖြင့်သာ ပြောခဲ့သည်မဟုတ်။ လက်တွေ့သက်သေ ပြတော်မူခဲ့သည်။ “ငါတို့သည်ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှါ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏” ( ၁ ယောဟန် ၄း၁၀ )။ ချစ်ခြင်းမေတ္တာရှိသော ဤဘုရားသခင်သည် လူသားအားလုံး၏ အပြစ်တရားနှင့် ကယ်တင်ခြင်းတရား၌ ကိုယ်တော်တိုင် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ရှင်ပေါလုအတွက် ကားတိုင်တရားဟောပြောခြင်းသည် အခြေခံကျအရေးပါဆုံးသောအရာဖြစ်သည်။ သူက “ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာ အပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏” ဟု ရေးသားခဲ့သည်။ ( ၁ ကောရိ န္တု ၁၅း၃ )။ ခရစ်တော်သည် ကျွန်ုပ်တို့အပြစ်အတွက် အသေခံတော်မူခဲ့ပြီ။
ယေရှုခရစ်သည် သေခြင်းမှ ပြန်လည် ရှင်ပြန်ထမြောက်ခဲ့သည်။
ကားတိုင်တရားသည် ဧဝံဂေလိသတင်း၏ ပထမတစ်ဝက်သာဖြစ်သည်။ ရှင်ပြန်ထမြောက်တော်မူခြင်း တရား သည် ကျန်တစ်ဝက်ဖြစ်သည်။ ယေရှု၏ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို ခွဲခြားထား၍ မရပါ။“ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏” ( ၁ ကောရိ န္တု ၁၅း၎ )။
ယောဟန် ၁၀း၁၇၊၁၈ ၌ ယေရှုက အံ့သြဖွယ်ကောင်းသောစကားကိုပြောဆိုခဲ့သည်။ “ငါသည် ကိုယ်အသက်ကို စွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ငါ့အသက်ကို အဘယ် သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီ။” ဤကဲ့သို့ သောစကားမျိုးကို မည်သူကမျှ မပြောနိုင်ပေ။
ယေရုရှလင်မြို့ရှိ ဗိမာန်တော်မှ တိရစ္ဆာန်များနှင့် ငွေအလဲအလှယ်လုပ်သူများကို နှင်ထုတ်တော်မူခဲ့သည့်အချိန် တွင် ယေရှုသည် မိမိရှင်ပြန်ထမြောက်မည့်အကြောင်းကို ကြိုတင်ဟောတော်မူခဲ့သည်။ ယုဒလူများကို ဤသို့ မိန့်တော်မူခဲ့သည်။” ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်။” “ထိုသို့ မိန့်တော်မူရာ၌ မိမိကိုယ်တည်း ဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ..” ကြောင်း သူတို့ နားမလည်ခဲ့ကြ ( ယောဟန် ၂း၁၉၊၂၁ )။ နောက်တကြိမ် ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ကြိုတင်နိမိတ်ပေးတော်မူခဲ့သည်။
“ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ် လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရ သကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတံ့” ( မဿဲ ၁၂း၃၉၊၄၀ )။
ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်အတွက် အသေခံတော်မူခဲ့သည်။ သုံးရက်မြောက်သောနေ့၌ ရှင်ပြန် ထမြောက်ခဲ့သည်။ “ ကေဖ (ပေတရု )သည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တကျိပ်နှစ်ပါးသောသူတို့သည် မြင်ရ ကြ၏။ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက် ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ထိုနောက် ယာကုပ်မြင်ရ၏။ထိုနောက် တမန်တော်အပေါင်း တို့သည် မြင်ရကြ၏။ နောက်ဆုံး၌ အချိန်မတော်မတန် ဘွားသောသူကဲ့သို့ဖြစ်သော ငါ (ပေါလု) ပင် မြင်ရ၏” ( ၁ ကောရိ န္တု ၁၅း၅-၈ )။ ဤလူများသည် ထမြောက်သော သခင်ယေရှုခရစ်၏ မျက်မြင် သက်သေများဖြစ်ကြသည်။
တမန်တော်များသည် ယေရှုခရစ်၏ သတင်းကောင်းကို ဟောပြောရင်း ဧဝံဂေလိသတင်းကို လက်ဆင့်ကမ်းခဲ့ ကြသည်။ ထိုဧဝံဂေလိတရားမဟောပြောဖို့ရန် တားမြစ်ခြင်းခံရကြသော်လည်း လူထက် ဘုရားသခင်ကို နာခံ ခဲ့ကြသည်။ သူတို့သည် ယေရှုအကြောင်းနှင့် ထမြောက်တော်မူခြင်းအကြောင်းကို ဟောပြောသောကြောင့် ရိုက်နှက်ခြင်း၊ ထောင်ချခြင်း၊ အသေသတ်ခြင်းတို့ကို ခံခဲ့ရကြသည်။ သို့သော် သူတို့သည် ယေရှုကို မြင်တွေ့ ခဲ့ကြပြီ။ ကိုယ်တော်နှင့် ပုဂ္ဂိုလ်ချင်း သိကျွမ်းဆက်နွယ်မှုရှိခဲ့ကြပြီ။ ခရစ်တော်၏ ကယ်တင်ခြင်းကို နားလည် သိရှိခဲ့ကြပြီ။ သူတို့သည် ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ပတ်သက်ပြီး မှားယွင်းသော သက်သေခံများသာ ဖြစ်ကြပါက မုသားအတွက် အဆင်းရဲခံ၊ အသေသတ်ခံချင်ကြပါလိမ့်မည်လော။ မည်သို့အားဖြင့်မျှ ခံချင်ကြ မည်မဟုတ်။
ယေရုရှလင်မြို့၌ နေသော ဘာသာရေးဆရာများသည် ယေရှု၏ အလောင်းကို ပြသခြင်းအားဖြင့် ရှင်ပြန် ထမြောက်ခြင်းအကြောင်း ဟောပြောမှုကို ချက်ချင်း နှုတ်ပိတ်၍ ရသည်။ သို့သော် ထိုသို့ပြဖို့ရန် အလောင်း တော် မရှိတော့ပြီ။ သင်္ချိုင်းဂူထဲ၌ ဘာမျှမရှိ။
သခင်ယေရှုခရစ်သည် ထမြောက်တော်မူပြီ။ သူသည် “ အသက်ရှင်သော သူလည်းဖြစ်၏။ ငါသည်အရင် သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏၊ အာမင်” ဟု ဆိုသော ကယ်တင်ရှင်ဖြစ်သည်( ဗျာဒိတ် ၁း၁၈ )။
သင့်တုန့်ပြန်မှု
ကိုယ်တော်သည် သင့် ကယ်တင်ရှင်ဖြစ်သလော။ ကိုယ်တော်ကို သိသလော။
ယေရှုခရစ်၏ သတင်းကောင်းသည် “ယုံကြည်သမျှသော သူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏” ( ရောမ ၁း၁၆ )။ ရှင်ပေါလုနှင့် သိလသည် ဖိလိပ္ပိ၌ ထောင်ချခံရသော သာသနာပြုနှစ်ဦး ဖြစ်ကြသည်။ ထိုသို့ထောင်ကျစဉ်တွင် မြေငလျင်လှုပ်သောကြောင့် ထောင်သားများလွတ်မြောက်သွားမည်ကို ထောင်မှူးတစ်ယောက် အလွန်တရာ စိုးရွံ့ကြောက်လန့်ခဲ့သည်။ သူ့အသက်အတွက် တုန်ရင်နေရင်း ဘုရားသခင်၏ သတင်းကောင်းသယ်ဆောင်သူနှစ်ဦးအား ကျမ်းစာ၌ သင်တွေ့ရမည့် အရေးကြီးဆုံးမေးခွန်းကို သူမေးမြန်းခဲ့သည်။” သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည် နည်း။” သူတို့က ဤသို့ပြန်ဖြေခဲ့သည်။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ( တမန်တော် ၁၆း၃၁ )။
သခင်ယေရှုခရစ်က မိမိကို ယုံကြည်သောသူတို့အား ထာဝရအသက်ကို ကတိထားတော်မူသည်။ ”ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” ( ယောဟန် ၃း၁၆ )။ ယေရှုက၊ “ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” ( ယောဟန် ၆း၄၇ )။
ယုံကြည်ခြင်းအားဖြင့် ယေရှုခရစ်ကို လက်ခံသောသူတို့သည် ဘုရားသခင်၏ သားသမီးဖြစ်ရသောအခွင့်ကို ရကြသည်။ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း” ( ယောဟန် ၁း၁၀-၁၃ )။ ယုံကြည်သူများသည် ဘုရားသခင်၏ မိသားစု၌ အသစ်မွေးဖွားလာသူများဖြစ်ကြသည်။
ယေရှုကို ယုံကြည်သည် ဆိုရာ၌ သင့်အတွက် မည်သို့အဓိပ္ပါယ်သက်ရောက်သနည်း။ အများသောသူအတွက် မှာ ယုံကြည်သည်ဆိုရာ၌ ဂျော့ဝါရှင်တန်၊ ဂျူလီယက်ဆီဇာနှင့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဦး သမိုင်းတွင် တည်ရှိ ကြောင်း ယုံကြည်သည့်အသွင်မျိုး အသိဥာဏ်အားဖြင့် ထောက်ခံခြင်းသာ ဖြစ်နေသည်။ သူတို့သည် ဧဝံဂေလိ ၏ အခြေခံတရားကို သိနားလည်ကြပြီး ခရစ်ယာန်ဟု သမုတ်ခံခဲ့ကြသည်။ သူတို့၏ ခံယူချက်၊ သွန်သင်ချက် များ မှန်ကန်နိုင်ပေသည်။ သို့သော် ကိုယ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ကိုးစားခြင်းအားဖြင့် မိမိတို့ အသက် တာထဲ ကြိုဆိုဖိတ်ခေါ်ခြင်း မပြုဖူးခဲ့ကြပေ။
သင်သည် ကယ်တင်ခြင်းသို့ ရောက်ရမည်။ သင်သည် ကယ်တင်ခြင်းသို့ ရောက်နိုင်သည်။“အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေ တော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှါ စိတ်နှလုံးနှင့်ယုံကြည်ရ၏။ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏” ( ရောမ ၁၀း၉၊၁၀ )။
သင်သည် ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် လက်မခံခဲ့ဖူးပါက ယနေ့ ကိုယ်တော်အား သင်ခေါ်ဖိတ် နိုင်သည်။ “ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာ ဟု လာသတည်း။ ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူအပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့” ( ရောမ ၁၀း၁၁-၁၃ )။
သင်သည် ဤဝက်ဆိုဒ်အားဖြင့် ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ပထမဆုံး ကိုးစားယုံကြည်သူဖြစ်ပါက ကျွန်ုပ်တို့လည်း သင်နှင့်အတူ ဝမ်းမြောက်နိုင်ရန် ဤနေရာလေး ( contact us )ကို နှိပ်ပြီး ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။
လူတစ်ယောက်က ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားလာသောအခါ သူသည် နေ့စဉ် သမ္မာ ကျမ်းစာဖတ်ပြီး ဆုတောင်းရပါမည်။ ကျမ်းစာလေ့လာခြင်းနှင့် ဆုတောင်းခြင်းသည် အလွန်အရေးပါသည်။ ဤ ဝက်ဆိုဒ်ပါ အကြောင်းအရာများဖြင့် လေ့လာမှုအစပြုဖို့ရန် ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်( ခေါင်းစီးပေါ်က အကြောင်းအရာအမျိုးအမည်များကို ကြည့်ပါ)။
ကျွန်ုပ်တို့ပေးသည့် လင့်များ ( Links)မှ အခြားဝက်ဆိုဒ်များကိုလည်း ထပ်ဆင့်လေ့လာခြင်းဖြင့် ကိုယ်တော်၌ ကြီးထွားလာရန် အထောက်အကူဖြစ်နိုင်သည်။
Translated by: or by phone: +614 7704 0815 or +613 8394 2561




